Examplez အရိပ်တွေ လွှမ်းနေသေးတဲ့ ထွန်းထွန်းရဲ့ စူပါစတား ပရိသတ်ရှေ့ရောက်တော့မယ်

Examplez အရိပ်တွေ လွှမ်းနေသေးတဲ့ ထွန်းထွန်းရဲ့ စူပါစတား ပရိသတ်ရှေ့ရောက်တော့မယ်,tun tun super star album,
စီစဉ်နေတာ ၄ နှစ်ကျော် ကြာပြီဖြစ်တဲ့ ထွန်းထွန်းရဲ့ ‘စူပါစတား’ အခွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ အခွေထဲမှာတော့ သီချင်း ၁၄ ပုဒ်ပါ မှာဖြစ်ပါတယ်။ သီချင်းတွေက ပြီးခဲ့တဲ့ ၄နှစ် အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထွန်းထွန်းရဲ့အဖြစ်အပျက်၊ ခံယူချက်တွေ ပါမှာဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသား သီချင်းတွေလည်း ပါမှာ ဖြစ်ပါတယ်။ ဒီအခွေက အရင် Examplez ရဲ့ပုံစံလား၊ ထွန်းထွန်းရဲ့ပုံစံလား ဆိုတော့” Examplez ပုံစံလို့ပဲပြောချင်တယ်။ အရင် Examplez လုပ်နေရင်းနဲ့ ကျွန်တော့် အခွေကို လုပ်ဖြစ်တာ။ ကျွန်တော်ကတော့ Examplez ပုံစံဖြစ်စေချင်တဲ့ အတွက် ဒီပုံစံချတယ်။ ဒါပေမဲ့ ဒါကို မကြိုက်တဲ့ အဖွဲ့ထဲက သူငယ်ချင်းတွေလည်း ရှိတယ်။ ၄ ယောက်က အကြိုက် မတူနိုင်ဘူးလေ။ အဲဒီတော့ ကျွန်တော်က Examplez ပုံစံဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျွန်တော့် ပုံစံ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ထွန်းထွန်းရဲ့ အခွေ ထွက်လာတဲ့အချိန် က သင်္ကြန်နဲ့လည်း တအား နီးနေတာ ကြောင့် သင်္ကြန်ခွေတွေနဲ့ ရောသွား မှာကော စိုးရိမ်မိလား ဆိုတော့…

”အရင်ကတော့ စိုးရိမ်မိလိမ့်မယ်။ အခု ကတော့ခေတ် အနေအထား အရရော၊ အခြေအနေ အရရော မစိုးရိမ်မိ တော့ဘူး။ ကျွန်တော်တို့ ဂီတလောကက ပျက်လိုက်၊ ယိုယွင်းလိုက်၊ ဖာထေးလိုက်နဲ့ လုံးလည်ချာလည် လိုက်နေတာပါ။ ပရိုဂျူဆာတွေ အပါအဝင် ကျွန်တော်တို့ အဆိုတော်တွေလည်း ပိုက်ဆံ ထုတ်ပြီး လုပ်ကြရတယ်။ အဲဒီမှာမှ ခိုးကူးကနှိပ်စက် သေးတယ်။ ပရိသတ် ကိုတော့ အပြစ်မတင်ပါဘူး။ ကျွန်တော်သာ ပရိသတ် ဆိုရင်လည်း ၅ဝဝနဲ့၊၁၇ဝဝ ဆိုရင် အဆိုတော်ကို ဘယ်လောက်ပဲ ချစ်ချစ်၊ စီးပွားရေး အဆင်မပြေရင်တော့ ၅ဝဝတန်ပဲ ဝယ်မယ်။ အဲဒီတော့ ခိုးကူးခွေတွေ မထွက်မှရမှာ။ ပြီးတော့ အနုပညာစိုက် ထုတ်အားလည်းကောင်းရမယ်။ သင်္ကြန်ခွေ အနေနဲ့ ကတော့ ခုနောက်ပိုင်း ဒီနှစ်မှာလည်း သင်္ကြန်ခွေ သိပ်မထွက်တော့ သိပ်မစိုးရိမ်ပါဘူး” လို့ ထွန်းထွန်းက ပြောပါတယ်။ ထွန်းထွန်းက မတ်လ၃၁ ရက်နေ့ မှာ စင်ကာပူကို နှင်းဆီ အငြိမ့်အနေနဲ့ သွားကဖို့ ရှိတာကြောင့် အခွေကို ၃ဝရက်နေ့မှာ ထွက်ခဲ့ပါတယ်။ ”စင်ကာပူမှာ သွားကမယ့် ပြက်လုံးတွေက တော့ ဒီမှာ ဗိုလ်ချုပ် ဇာတ်ကား ရန်ပုံငွေ အတွက်ကမယ့် ပြက်လုံးတွေနဲ့တော့ မတူလောက်ဘူး။ အသစ်တွေပဲ။ ဗိုလ်ချုပ်ပွဲ အတွက် ကတော့ နောက်ဆုတ်ထားတယ်။ ဘယ်ရက် လဲတော့ မသိသေးဘူး။ စင်ကာပူကပွဲက လက်ခံထားတာ ကြာပြီ။ အရင်ကလူတွေနဲ့ ပဲကမှာပါ။ ဗိုလ်ချုပ် ဇာတ်ကားရန်ပုံငွေ အတွက်လည်း ဒီလူတွေနဲ့ပဲ ကမှာ ပါ။ ပြက်လုံးတွေ အတွက်ကတော့ ကျွန်တော်တို့ အတွက် တာဝန်လည်း ကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ပေးချင်တဲ့ စိတ်ရှိတယ်။ ခုလိုက ရတဲ့ အတွက်လည်း ပျော်ပါတယ်။ အဲဒီအတွက်လည်း ပြက်လုံးတွေ တိုက်နေပါပြီ” လို့ ထွန်းထွန်း ကပြောပြခဲ့ပါတယ်။ ထွန်းထွန်းက ဒီကြားထဲမှာတော့ အခွေ ကိစ္စ နဲ့ပဲ လုံးလည် ချာလည်လိုက် နေတာကြောင့် ဘာမှ သိပ်မလုပ်ဖြစ်ဘူးလို့ သိရပြီး ဒီနှစ် သင်္ကြန်ကတော့ အိမ်မှာပဲနေဖြစ်ဖို့ များမယ် ဆိုတာကိုလည်း သိရပါတယ်။

ရဲရဲ @ Popular News

0 comments:

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..

Recent Comments

Followers

Facebook

Twitter Update

Enter your email address: